7.29.2009

ဗမာစစ်သား (၆) ဦး KNU သို့ လက်နက်ချ အလင်းဝင်လာ


သောင်းကျန်းသူ နအဖ စစ်တပ်မှ ထွက်ပြေးတိမ်းရှောင်လာ ပြီး ပြည်သူနှင့် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ရန် ကရင် အ မျိုး သားအစည်းရုံးသို့ လက်နက်ချ အလင်းဝင်လာခဲ့ပါသည်၊

လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-




မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။
မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။
မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။
မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။
ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။
ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။

အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။

မောင်ဖိုးဇော်က “တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက်ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန်ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီးနေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့မောင်းထဲထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ” ဟု ပြောကြားသည်။

၎င်းက “၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေးတယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ် ကြီး လေးသိန်းမောင်အပါအဝင် စစ်သား (၂၀) လောက်ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကိုထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။ အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ” ဟု ဆက်လက်ပြောကြားသည်။

ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ်များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊