8.13.2009

သတင်း

ကိုးကန့်အရေး မြန်မာကို တရုတ်သတိပေး

E-mailPrint
ကိုးကန့်ဒေသစစ်ရေးတင်းမာမှု အပေါ်တွင် တရုတ်ပြည်မှ စစ်အစိုးရအားသတိပေးပြောကြားသည်ဟု သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့က အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် အား ယူနန်ပြည်နယ် လင်ချန်ဒေသ ဒု အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးကြီးတို့က လောက်ကိုင်တွင် တွေ့ဆုံပြီး နယ်စပ်ဒေသအရေးနှင့်ပတ်သက်၍ သတိပေးပြောကြားသွားသည်။

“ကိုးကန့်မှာရှိတဲ့ တရုတ်အမျိုးသားတွေ တရုတ်ပြည်ဘက်ကိုထွက်ပြေးတဲ့ကိစ္စမျိုး နောက်ထပ်မဖြစ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးတယ်၊တိုင်းမှူးကလည်း နောင် ဒါမျိုးမဖြစ်စေရပါဘူးလို့ကတိပေးတယ်” ဟု တရုတ်နယ်စပ်စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင် ကျော်ဇော က ပြောသည်။

လင်ချန်ဒေသသည် ယူနန်ပြည်နယ်တွင် ခရိုင် ၄ ခရိုင်နှင့်သာ ဖွဲ့စည်းထားသော တိုင်းတခုဖြစ်သည်။

စစ်အစိုးရဒေသဆိုင်ရာ အာဏာပိုင်များက ချင်းရွှေဟော်ဒေသရှိ စီးပွားရေးလုပ်ကိုင်နေသော မြန်မာပြည်သားများကို အတင်းအကျပ်မြန်မာပြည်ထဲသို့ ပြန်ခိုင်းနေသည်ဟုလည်း ၎င်းဆိုသည်။

ယခုရက်ပိုင်းတွင် ကိုးကန့်ဒေသ ချင်းရွှေဟော်အနီးတွင် ကိုးကန့် ၊ ၀ နှင့် KIA အထူးဒေသ ၄ အပါအ၀င် နယ်ခြားဒေသရှိ အပစ်ရပ်အဖွဲ့အစည်းများ၏ တပ်များအားလုံးသည် ဒေသကာကွယ်ရေးအတွက် ညီညွတ်မှုပိုရှိလာပြီး တပ်များကိုလည်း အသင့်အနေအထားဖြင့် ပြင်ထားသည်ဟု သိရသည်။

“၀ တပ်မဟာ ၃၁၈ ရဲ့အထူးတပ်ရင်း၂ ရင်းကို ချင်းရွှေဟော်နားမှာချထားပြီး၊ အခြေအနေကိုစောင့်ကြည့်နေတယ်၊ ကိုးကန့် အပေါ်မှာ အရေးယူမှုလုပ်ခဲ့ရင် ချက်ခြင်းကာကွယ်နိုင်အောင်ဖြစ်တယ်” ဟု ဦးအောင်ကျော်ဇောကပြောသည်။

တရုတ်ပြည်မှ မြန်မာစစ်အစိုးရအပေါ်ကန့်ကွက်မှု ပြုလုပ်ပြီးသည့် နောက်ပိုင်းတွင် စစ်အစိုးရတပ်များ နောက်ထပ်စစ်ပြင်မှု များမရှိတော့ကြောင်းသိရသည်။

“တရုတ်ပြည်က နယ်စပ်ဒေသကိုဆက်ထိန်းထားချင်တယ်၊ လူမျိုးစုလက်နက်ကိုင်တပ်တွေကလည်း စစ်အစိုးရ ထက် တရုတ်အစိုးရကိုပိုပြီးတော့ အယုံအကြည်ရှိတယ်၊ ဒီဒေသကိုတည်ငြိမ်စေချင်တယ်၊ ဒါကြောင့်သတိပေးတာဖြစ်တယ်” ဟု ဦးအောင်ကျော်ဇော ကပြောသည်။

တရုတ်နိုင်ငံသည် မြန်မာပြည်အရေးနှင့်ပတ်သက်၍ ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်သောမူကိုကိုင်စွဲထားပြီး၊ နယ်စပ် ဒေသများတည်ငြိမ်ရေးကို အထူးအလေးထားသည်ဟုသိရသည်။

ကိုးကန့်ဒေသသို့ ရောက်လာသော အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် သည် ကိုးကန့် အပစ် ရပ်အဖွဲ့ဥက္ကဋ္ဌ ဖုန်ကျားရှင်နှင့်တွေ့ဆုံခွင့်မရရှိဘဲ၊ ခရိုင်အဆင့်ရှိကိုယ်စားလှယ်နှင့်သာ တွေ့ဆုံခွင့်ရရှိခဲ့သည်ဟုသိရသည်။

ယနေ့ထုတ်စစ်အစိုးရသတင်းစာများတွင် အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ် လောက်ကိုင် တပ်နယ်သို့ရောက်ရှိပြီး တိုင်းရင်းသားခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ နယ်မြေဒေသဖွံဖြိုးတိုးတက် ရေးဆိုင်ရာများကိုဆွေးနွေးညှိနှိုင်းသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က ဖုန်ကျားရှင်၏ အိမ်ကို ၀င်ရောက်ရှာဖွေရန် ကြိုးစားခဲ့၍ စစ်အစိုးရတပ်များနှင့် ကိုးကန့် တပ်ဖွဲ့များကြားတွင် စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားသည်။

ကိုးကန့်ဒေသသည် ယူနန်ပြည်နယ် လင်ချန်ဒေသကြီးနှင့်ကပ်လျက်ရှိ၍ ၊တရုတ်လူမျိုးများ အများဆုံးနေထိုင်ကြပြီး၊ ယခင် က မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုနှင့်ပတ်သက်သည် ဟု အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ များ က သံ သယရှိကြသည်။

ဖုန်ကျားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင်စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော အဖွဲ့ ဖြစ်သည်။


ဧရာဝတီမှ ကူးယူဖော်ပြသည်။

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊