9.09.2009

မန္တလေး အင်န်အယ်လ်ဒီ လူငယ် တိုးချဲ့ဖွဲ့စည်း

အာဏာပိုင်တွေရဲ့ နှောက်ယှက်ဟန့်တားမှုတွေ ရှိနေတဲ့ကြားက မန္တလေးတိုင်း အင်န်အယ်လ် ဒီ လူငယ်အဖွဲ့ဟာ တိုင်းအတွင်း အဖွဲ့ရဲ့ ဖွဲ့စည်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင် တိုးချဲ့လုပ်ကိုင်ကြဖို့ စီစဉ်နေတယ် သိရပါတယ်။

မန္တလေးတိုင်းအတွင်း မြို့နယ်ပေါင်း ၃၀ ရှိတဲ့အထဲက ၁၄ မြို့နယ်မှာ အန်အယ်လ်ဒီ လူငယ် အဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်ပြီး ခုရက်ပိုင်းအတွင်း ကျန်နေသေးတဲ့ တခြားမြို့နယ်မှာ ဆက်လက် ဖွဲ့စည်းသွားမှာဖြစ်သလို လက်ရှိ ရှိပြီးသား အဖွဲ့တွေကိုလည်း အင်အားတိုးချဲ့ သွားမှာ ဖြစ်တဲ့အကြောင်း မန္တလေးတိုင်း လူငယ်ခေါင်းဆောင်တယောက်က RFAကို ခုလိုပြော ပါတယ်။

လူငယ်ခေါင်းဆောင်။ ။ ပုံမှန်ကတော့ ၁၄ ဦးနဲ့ ဖွဲ့တာပေါ့၊ တချို့မြို့နယ်တွေကျတော့ ၇ ဦးနဲ့ ဖွဲ့ထားတာတွေရှိတယ်လေ၊ အဲဒါတွေ ကျနော်တို့ ပြန်ဖြည့်မယ်။ မဖွဲ့ရသေးတဲ့ မြို့နယ်တွေလည်း ပြန်လည်ဖွဲ့မယ်၊ ဖွဲ့ဖို့ မြို့နယ်တွေ လျားထားတာ၊ စာတင်ထားတာ တွေလည်း ရှိတယ်၊ အဲဒါတွေဖွဲ့တော့မှာ ကျနော်တို့။

အင်န်အယ်လ်ဒီ လူငယ်အဖွဲ့တွေရှိထားပြီဖြစ်တဲ့ မြို့နယ်တွေထဲက မြို့နယ် ၅ခုမှာ မနေ့က အတွေ့အကြုံ နှီးနှောဖလှယ်ပွဲတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ မိုးကုတ်၊ သပိတ်ကျင်း၊ တောင်သာစတဲ့ မြို့နယ်တွေမှာ မဖွဲ့စည်းရသေးဘူးလို့ သိရပြီး စည်းရုံးရေးဆင်းတဲ့နေရာမှာ အနှောက်အယှက်တွေနဲ့ ကြုံရတာရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

လူငယ်ခေါင်းဆောင်။ ။ ကျနော်တို့က မဖွဲ့စည်းခင် မြို့နယ်တွေမှာ စည်းရုံးရေး ဆင်းတာရှိတယ်၊ ကျနော်တို့ စည်းရုံးရေးဆင်းတဲ့ အချိန်မှာတော့ မဖြစ်ဘူး ကျနော်တို့ ပြန် သွားတဲ့အချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတွေကနေ လိုက်ပြီးတော့ အင်န်အယ်လ်ဒီထဲကို မ၀င်ကြနဲ့ ၀င်ရင် အဖမ်းခံရမှာ၊ ဖွဲ့စည်းတဲ့လူတွေထဲမှာကို သူတို့က ၀င်ဝင်ပြောတယ်၊ အဲဒါမျိုး နှောက်ယှက်တာရှိတယ် ကျနော်တို့ကို။

မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်ဖွဲ့စည်းရေးလုပ်ငန်းတွေကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလကတည်းကစပြီး လုပ်လာခဲ့တာဖြစ်ပြီး ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု ရတာရှိသလို တချို့မြို့နယ်တွေမှာ အာဏာပိုင်တွေက ခြိမ်းခြောက်တဲ့အတွက် ပါဝင်ရမှာ ကြောက်နေကြသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းလူငယ် အဖွဲ့ကို တော့ စည်းရုံးရေး လုပ်ငန်းတွေကို ဆက်တိုးလုပ်သွားမယ်လို့ သိရပါတယ်။

RFA

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊