9.15.2009

ကလေးစစ်သား ၂ ဦး အကျဉ်းကျခံရ

မြန်မာနိုင်ငံမှာ စစ်အစိုးရက ခလေးစစ်သား စုဆောင်းတာခံရတဲ့ ကလေးမိဘတွေကို အကူအညီပေးနေတဲ့ ILO အဖွဲ့ကို တိုင်ကြားပေးဖို့ စက်တင်ဘာ ၁၅ ရက် ဒီကနေ့ပဲ ကလေးမိဘတဦးက စစ်တပ်ထဲ ရောက်နေတဲ့ သားနဲ့တူကိစ္စ လာရောက် အကူအညီတောင်းခဲ့တယ်လို့ ပဲခူလမ်းပြကြယ်အဖွဲ့က ပြောပါတယ်။

ဒီကိစ္စပတ်သက်ပြီး လမ်းပြကြယ်အဖွဲ့ ဥက္ကဋ္ဌရှေ့နေ ဦးအေမြင့် RFA ကို အခုလို ပြောပြပါတယ်။

ဦးအေးမြင့်။ ။ ကျွန်တော်တို့ လမ်းပြကြယ်အဖွဲ့အနေနဲ့ ကလေးစစ်သားကို ဆောင်ရွက်တဲ့နေရာမှာ အခုဟာက ပြည်ပကို လူကုန်ကူးတာလို့ပဲ လူတွေက သိကြတယ်၊ ပြည်တွင်းမှာ ကလေးစစ်သားတွေ လူကုန်ကူးခံနေရတယ်၊ ကလေးစစ်သားတွေ ရောင်းစားခံနေရတယ်၊ စစ်သားက တွေ့ရင်လည်း ကလေးကို အဓမ္မဆွဲ၊ လူတွေ ကွယ်ရာမှာ ထုရိုက်၊ အရပ်သားကတွေ့ရင်လည်း ဆွဲခေါ်သွားပြီးတော့ တဆင့်ပြီး တဆင့်

ရောင်းစားခံနေရတာကို လူကုန်ကူးနေတာကို လမ်းပြကြယ်အဖွဲ့က လေ့လားတွေ့ရှိရတယ်၊ ဒီနေ့အခုလို လာရောက် တိုင်ကြားသလို နောက်ထပ် ငါးဦးလည်း ဖုန်းကော၊ စားအဆက်အသွယ်နဲ့ပါ ငါးဦး ကလေးစစ်သား စုဆောင်းခံရတာကို ကျွန်တော်တို့ လမ်းပြကြယ်က တွေ့ရှိခဲ့ရပါတယ်။

မိခင်ကို ဆေးကုဖို့ ရန်ကုန်မှာ အလုပ်သွားရှာခဲ့တဲ့သား နဲ့တူ ၂ ဦးဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလထဲက ပျောက်သွားခဲ့ပါတယ်။
နောက်မှပြန်သိရတာက ကြည့်မြင်တိုင်ဘူတာမှာ ရထားစောင့်နေတုန်း ကလေး ၂ ဦးကို အတင်းရိုက်နှက် ခေါ်ဆောင်သွားပြီး ရေတပ်ထဲ ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

သားဖြစ်သူ မောင်သန်းထွန်းဦးနဲ့ တူတော်သူ မောင်ကျော်နိုင်ဝင်းတို့ အကြောင်းကို ဖခင်ဖြစ်သူ ဦးခင်လှိုင်က အခုလိုပြောပြပါတယ်။

ဦးခင်လှိုင်။ ။ ကျွန်တော့နာမည်က ဦးခင်လှိုင်ပါ၊ ကျွန်တော့သားလေးနာမည်ကတော့ မောင်သန်းထွန်းဦးပါ၊ တူနာမည်က ကျော်နိုင်ဝင်းပါ၊ အဲဒီ ကလေးနှစ်ယောက်ဟာ အိမ်ကနေပြီးတော့ နှစ်လ ဖေဖော်ဝါရီလကနေပြီးတော့ ထွက်သွားတာပါ၊ အဲဒီထွက်သွားတဲ့ ရက်ကစပြီးတော့ ကျွန်တော်တို့ စုံစမ်းမေးမြန်းတာ၊ ရှိတာတွေလည်း ကုန်ပြီးတော့ ဘယ်တော့မှ အဆက်အသွယ်မရတော့ပါဘူး၊ အဲဒါ မရတော့တဲ့ အချိန်လည်း ကျရော ဒီသားနဲ့တူဟာ ဒီအိမ်ကိုပြန်ရောက်လာပါတယ်၊ ပြန်ရောက်လာလို့ သူတို့ရဲ့ ဒီပြောကြားတာကတော့ ကျွန်တော်တို့တွေ ဒီတပ်ထဲကနေပြီး ခွင့်နဲ့ ပြန်လာတာပါဆိုပြီးတော့ သူတို့ရဲ့ ဇာတ်ကြောင်းကို ပြောပြလို့ ကျွန်တော်တို့ သိရတာပါ။ ရန်ကုန်တိုင်း ရပပ ရေတပ်ပင်မ ပစ္စည်းထိန်းသိမ်းရေးတပ်ကပါလို့ သူတို့က ပြောပြပါတယ်။ ရောက်သွားတယ်ဆိုပြီးတော့ သူတို့က ဒီလမ်းမှာ ဖြစ်တဲ့အကြောင်းတွေကို ကျွန်တော်တို့ကို အကုန်ပြောပြလို့ သိရပါတယ်။

ကလေး ၂ ဦးဟာ စစ်သားစုဆောင်းရေး အမှတ် ၃၃ ကတဆင့် ရန်ကုန် သံလျက်စွန်း ရေတပ်စက်ပစ္စည်း ထိန်းသိန်းရေး စခန်းတပ်ရောက်ပြီး ခွင့်နဲ့ ပြန်ရောက်ပြီး ကတည်းက တပ်ထဲ ပြန်မသွားခဲ့တဲ့အတွက်ပဲ နေအိမ်မှာစစ်တပ်က အိမ်ကို လိုက်လာပြီး သူတို့ ၂ ဦး ပြန်ခေါ်ခဲ့ပါတယ်။

ကလေးတွေဟာ စစ်သားအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခံခဲ့ရတာကြောင့် မိဘတွေက ကလေးတွေကို ပြန်ထည့်ဖို့ ငြင်းဆန်တဲ့အတွက် ရေတပ်က ရေခင်း မြို့နယ် ရဲစခန်းမှာ တပ်ပြေးများအဖြစ် တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

၃ လအကြာမှာ မောင်ကျော်နိုင်ဝင်းဟာ ပြန်အဖမ်းခံရပြီး ရွှေဘိုမြို့ ရေတပ် ယာဉ်မောင်းသင်တန်းကျောင်း ပို့ခံရသလို မောင်သန်းထွန်းဦးဟာ ၆ လာအကြာမှာ အဖမ်းခံရပြီး မင်းလှမြို့ ခလရ ၁ တပ်မ ၆၆ ကို ပို့ခံရပါတယ်။ အဲဒီအနောက် ရန်ကုန် ရွှေပြည်သာ လှော်ကား အမှတ် ၂ စစ်အကျဉ်းထောင် မှာ အကျဉ်းချထားတယ်လို့ ဖခင်ဦးခင်လှိုင်က ပြောပြခဲ့ပါတယ်။

ILO ကို တိုင်ကြားရာမှာ ပဲခူးလမ်းပြကြည်အဖွဲ့က အကူအညီပေးတဲ့ သတင်းကို နိုင်ငံခြားအသံလွှင့်ဋ္ဌာနတွေ သတင်းတွေကနေ ကြားသိရလို့ ကလေးမိဘတွေက မိမိတို့ အဖွဲ့ထံ လာရောက် အကူအညီတောင်းခဲ့တယ်လို့ အဖွဲ့ဥက္ကဋ္ဌ ဦးအေးမြင့်က ပြောပြပါတယ်။

RFA


မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊