မွန်ပြည်နယ်အတွင်းရှိ မွန်ကျေးရွာအချို့သည် မြန်မာစစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို မလိုလားသောကြောင့် ကျေးရွာသံဃာတော်များနှင့် မွန်လူငယ်များ စုပေါင်းကာ မီးပုံးပျံလွှတ်ပွဲတော် ကျင်းပခဲ့သည်ဟု သိရပါသည်။
မြန်မာစစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရေးပါသည့် အခန်းကဏ္ဍ ၂၅ ရာခိုင်နှုန်းကို စစ်အစိုးရမှ အလိုအလျောက် နေရာယူထားပြီး ဖြစ်သောကြောင့် တရားမျှတမှု မရှိသည့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို ကျေးရွာဒေသခံတို့က ဆန့်ကျင်ကန့်ကွက် သွားရန်အတွက် သံဃာတော်များ နှင့် မွန်လူငယ်များက ယခုကဲ့သို့ စုပေါင်းပြီး မီးပုံးပျံလွှတ်ရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်မှ သံဃာတော်တစ်ပါးက မိန့်ကြားခဲ့သည်။
“ဦးဇင်းတို့မှာလည်း မီးပုံးပျံလွှတ်တယ်။ မီးပုံမှာတော့ စာပါရေးထားတယ်။ စာထဲမှာတော့ ‘နယ်ခြားစောင့်တပ် အလိုမရှိ၊ ကျွန်ဘဝ အဖြစ်မခံနိုင်’ ၊ ‘ရက်စစ်ကြမ်းကြုတ်သော စစ်ဖိနပ်အောက် ကျဉ်းကြပ်လွန်းလှတယ်’ ဆိုတဲ့ အဓိပ္ပာယ်ကို မွန်လိုရေးထားတယ်။ မွန်အမျိုးသားတို့အတွက် မိမိကံကြမ္မာ မိမိဖန်တီးပိုင်ခွင့်မရသရွေ့ သံဃာတော်များနှင့် မွန်လူငယ်များတို့က စစ်အစိုးရကို ဆက်လက်အတိုက်အခံ ပြုလုပ်နေဦးမယ်”ဟု အထက်ပါ သံဃာတော်က ဆက်ပြီ မိန့်ကြားသည်။မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အကျိုးမရှိကြောင်း မွန်လူငယ် အသီးသီးက ပြောကြသည်။
မွန်လူငယ်တစ်ဦး၏ ပြောပြချက်အရ “ကျနော်တို့အခုလို မီးပုံးကြီးကြီးထဲမှာ စာတွေရေးပြီး လွှတ်တယ်ဆိုတာ အာဏာရှင် စနစ်လက်အောက်က လွတ်မြောက်သွားအောင်ရယ်။ ဒီလာမည့် ၂၀၁၀ ရွေးကောက်ပွဲက တရားဝင် မဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲက သူတို့ဘာသာ သူတို့လုပ်ယူတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်တယ် ဆိုတာကို ထည့်ရေးထားတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းကို မသိသေးတဲ့ ကျေးရွာဒေသခံတွေကို သိသွားစေလိုတဲ့ ဆန္ဒနဲ့ လုပ်တာပါ” ဟု ၄င်းက ဆက်ပြောသည်။
ပြုလုပ်ကျင်းပခဲ့သော တော်သလင်းလပြည့် မီးပုံးပျံလွှတ်ပွဲတော်သည် မွန်လူမျိုးတို့၏ ရိုးရာဓလေ့ အထိမ်းအမှတ် တရပ်ပင် ဖြစ်သော်လည်း သံဃာတော်များ နှင့် မွန်လူငယ်တို့က ၂၀၁၀ ရွေးကောက်ပွဲ နှင့်ပတ်သက်သော ဖြစ်ရပ်ကို ထင်ဟပ်စေလို၍ ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မွန်လူငယ်အများစု၏ ပြောပြချက်အရ သိရပါသည်။
မွန်သတင်း အေဂျင်စီ
ရောင်နီတွေနဲ့ ဒို့အတူ
4 months ago