9.08.2009

ဝင်းသူဇာဆိုင်သည် အရက်ဆိုင်သာဖြစ်ကြောင်း ဒေသခံများ ပြောကြား

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းအတွင်းမှ ကျေးရွာအများစုတွင် စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ ဝင်းသူဇာ အရောင်းဆိုင်များ ဖွင့်လှစ်ထားသော်လည်း အဆိုပါဆိုင်များသည် အရက်ဆိုင်များသာဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်း ငပုတောမြို့နယ်မှ ရွာခံတဦးက “ကျနော်တို့ဆီမှာ အရက်ဆိုင်ဖွင့်ချင်ရင် ဒီအတိုင်းဖွင့်လို့ မရဘူး။ စက်မှု (၁) လက်အောက်ခံ ဝင်းသူဇာ အရောင်းဆိုင် အရင်ဖွင့်ရတယ်။ ဆိုင်ဖွင့်ဖို့အတွက် စက်မှု (၁) က ပစ္စည်းတချို့ ဝယ်ပေးရတယ်။ နောက် (၁) နှစ် ကျပ် (၅) သောင်း ပေးရတယ်။ ပြီးရင် ဝင်းသူဇာ ဆိုင်းဘုတ်တင်၊ ကောင်တာလေးတခုမှာ စက်မှု (၁) ပစ္စည်း နည်းနည်းပြထား၊ ပြီးရင် အရက်ဆိုင်ဖွင့်လို့ရပြီ။ ကျနော်တို့ရွာတင်မက ကြာကွင်း၊ သိုက်ကွင်း ရွာတွေအားလုံးမှာ ဒီအတိုင်း လုပ်ကြရတယ်” ဟု ပြောသည်။

စက်မှု (၁) ဝန်ကြီးဌာနသည် ၎င်း၏ထုတ်ကုန်များကို ဝင်းသူဇာ အရောင်းဆိုင်များမှတဆင့် ရန်ကုန်၊ နေပြည်တော်အပါအဝင် မြန်မာတနိုင်ငံလုံး၌ ဖွင့်လှစ်ရောင်းချနေခြင်းဖြစ်သည်။

အဆိုပါဆိုင်များတွင် ဆေးဝါးများ၊ ပြည်တွင်းဖြစ် အရက်များ၊ မန္တလေးဘီယာ၊ စက္ကူ၊ စာအုပ်၊ ဆပ်ပြာ၊ သတ္တုအိုး၊ မျက်နှာသုတ်ပုဝါ၊ ပိတ်စ၊ အသင့်ချုပ်အထည်၊ ဘီစကစ်နှင့် မုန့်မျိုးစုံတို့ကို ရောင်းချနေသည်။

ကုန်ပစ္စည်းအများစုသည် ထုတ်ပိုးမှု အရည်အသွေးညံ့ဖျင်းပြီး ခန့်ထားသည့် အရောင်းစာရေးများမှာလည်း ဆက်ဆံရေး မကောင်းခြင်းကြောင့် သာမန်ပြည်သူ အများစု သွားရောက်ဝယ်ယူလေ့မရှိကြောင်း သိရသည်။

နိုင်ငံတကာ အန်ဂျီအိုတခုက ပေးအပ်သည့်အကူအညီပစ္စည်းအချို့ လက်ခံရန် ရန်ကုန်မြို့သို့ ရောက်လာသည့် ငပုတောမြို့နယ်ခံတဦးက “ဝန်ကြီး ဦးအောင်သောင်းအနေနဲ့ ကျေးရွာတိုင်းမှာ ဝင်းသူဇာ အရောင်းဆိုင်တွေ ဖွင့်လှစ်ဖို့ ဆန္ဒရှိပေမယ့် ကျေးရွာသားအများစုက အမြတ်အစွန်းမရတဲ့ စက်မှု (၁) ထုတ်ကုန်တွေကို ရောင်းဖို့ စိတ်မ၀င်စားကြဘူး။ ဒါကြောင့် ဝင်းသူဇာဆိုင် ဖွင့်လှစ်သူပဲ အရက်ရောင်းချခွင့်နဲ့ အရက်ဆိုင်ဖွင့်ခွင့်ပြုပြီး အခြားအရက်ဆိုင်တွေကို ဖွင့်ခွင့်မပြုတဲ့အတွက် တနှစ်ကို ကျပ်ငွေ (၅) သောင်းအခွန်ဆောင်ရတဲ့ ဝင်းသူဇာအရောင်းဆိုင်တွေ ဖွင့်လာကြတာဖြစ်တယ် ” ဟုရှင်းပြသည်။

ဝင်းသူဇာ အရောင်းဆိုင်များသည် ဝန်ကြီးနှင့် လူကြီးခရီးစဉ်များရှိပါက အရက်ဆိုင်ကို ခေတ္တပိတ်ထားရပြီး ဝင်းသူဇာ ကောင်တာကိုသာ ဖွင့်ထားရကြောင်း၊ ပုံမှန်အားဖြင့်မူ အရက်ရောင်းခြင်း၊ အရက်ဆိုင်ဖွင့်လှစ်ခြင်းတို့ ပြုလုပ်နေသည့် ဆိုင်များသာဖြစ်ကြောင်း အဆိုပါ ငပုတော့မြို့ခံက ပြောသည်။

ခေတ်ပြိုင်

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊