10.18.2009

စင်းခံမလား တွန်းလှန်မလား (သတင်းသုံးသပ်ချက်)

မျိုးဇာနည်
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်ခံသဘောတူထားသည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ) အနေနှင့် တပ်ရင်းနှင့် တပ်သားဦးရေစာရင်းကို နအဖ စစ်ဘက်လုံခြုံရေးရာ အကြီးအကဲ ဒု- ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ အောက်တိုဘာလ (၁၅) ရက်နေ့ နောက်ဆုံးထားပြီးတင်ရမည်ဟု ဒီမိုကရက်တစ်မြန်မာ့ အသံ၏ သတင်းတပုဒ်တွင် ဖော်ပြသည်။

တပ်ရင်းတရင်းစီကို တပ်သားဦးရေ (၃၆၀) နှင့် ဖွဲ့စည်းပြီး နအဖစစ်တပ်မှ ဦးရေ (၃၀) ပါဝင်မည်ဟုသိရသည်။ နအဖစစ်တပ်မှပေးပို့မည့် (၃၀) ထဲတွင် တပ်ရင်းမှူးမှ တပွင့်အထိ (၁၅) ဦးနှင့် တပွင့်မှ တပ်သားအထိ (၁၅) ဦး တာဝန်ယူမည်ဖြစ်ပြီး ဒု-ဗိုလ်မှူးကြီးအဆင့်ကို အကြီးဆုံး တပ်ရင်းမှူးရာထူး၌ ခန့်ထားမည်ဟုဆိုသည်။
ဒီကေဘီအေဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူများကို အသက် (၁၈) နှစ်နှင့် (၅၀) ကြား အရွယ်ရှိသူများကိုသာ ခွင့်ပြုမည်ဖြစ်ပြီး (၅၀) ကျော်များကို ပင်စင်ပေးမည်ဟုဆိုသည်။ အမြင့်ဆုံး ရာထူးအနေနှင့်လည်း ဗိုလ်မှူးအဆင့်၌သာ တာဝန်ထမ်းဆောင်ရမည်ဟုသိရသည်။

ဒီကေဘီအေနည်းတူ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် သဘောတူလက်ခံထားသည့် ကချင်ပြည်ဒီမိုက ရေစီသစ်တပ်မတော်(အန်ဒီအေကေ) မှ အသက် (၅၀) ကျော် ပင်စင်အပေးခံရမည့် တပ်ဖွဲ့ဝင်များ နေထိုင်ရန် အတွက် ဒေသခံ စီးပွားရေးလုပ်ငန်ရှင်များထံ အလှူငွေကောက်ခံပြီး နေအိမ်များ ဆောက်လုပ်ပေးရန် နအဖမှ စီစဉ်နေကြောင်းလည်း ခေတ်ပြိုင်သတင်းတပုဒ်တွင် ဖော်ပြသည်။

ထိုသတင်းအချက်အလက်များအရဆိုလျှင် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်ခံသဘောတူခဲ့သည့် အန်ဒီအေကေနှင့် ဒီကေဘီအေအဖွဲ့တို့သည် နအဖခြယ်လှယ်သမျှကို လည်စင်းခံကြရတော့မည်ဖြစ်ပြီး ပင်စင် အပေးခံကြရမည့် တပ်ဖွဲ့ဝင်များ၏ အနာဂတ်အရေးမှာလည်း အာမခံချက် ရေရေရာရာမရှိဘဲ နအဖစစ်အုပ်စု ၏ ပစ်စလက်ခတ် စီစဉ်နေရာချထားပေးမှုကြောင့် ရင်လေးဖွယ်အနေအထားနှင့် ကြုံတွေ့ကြရမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။
နအဖစစ်ဗိုလ်ချုပ်များ၏ တဘက်သတ် စည်းမျဉ်းစည်းကမ်းများနှင့် စိတ်ကြိုက်ရွေးချယ်ခန့်အပ်မည့် အစီအစဉ် အပေါ်တွင် အပစ်ရပ်တို့၏ မူလတပ်ဖွဲ့ဝင်အင်အား များစွာလျော့ပါသွားမည်ဖြစ်သလို ကြာလေလေ လုံးပါးပါး လေလေဖြစ်ပြီး နအဖစစ်တပ်မှသာ လုံးဝဥဿုံစစ်ကျွန်ပြုသွားမည့် အနေအထားကို အထင်အရှား တွေ့မြင်နေ ရပေသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလကုန်တွင် အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ရန် နအဖ၏ သတ်မှတ်ချိန် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက် မခံသေးသည့် အပစ်ရပ်အဖွဲ့များအနေနှင့် ဒီကေဘီအေနှင့် အန်ဒီအေကေတို့ကဲ့သို့ လည်စင်းခံကြမည်လား၊ မိမိတို့တွင်ရှိသည့် တပ်ဖွဲ့အင်အား၊ လက်နက်အင်အားနှင့် နအဖစစ်တပ်ကို တွန်းလှန်တိုက်ခိုက်မည်လား၊ တွန်းလှန်တိုက်ခိုက်မည်ဆိုလျှင်လည်း မည်သို့မည်ပုံ ခုခံတွန်းလှန်ကြမည်ဆိုသည်ကို ပြတ်ပြတ်သားသား ဆုံး ဖြတ်ပြင်ဆင်ထားရတော့မည့်အချိန် ရောက်ရှိနေပြီဖြစ်ပေသည်။

ထိုသို့ဆုံးဖြတ်ပြင်ဆင်ရာတွင် နအဖစစ်တပ်၏ လက်ရှိအနေအထားကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုလာ သည်။ နအဖစစ်အုပ်စုက စစ်သည်အင်အား (၅) သိန်နီးပါးရှိသည်ဟု ပြောဆိုနေသော်လည်း သျှမ်းသံတော် ဆင့်၏ ရေးသားချက်အရ ၂၀၀၅ ခုနှစ် တတိယ - လေးလပတ်အစည်းအဝေးတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန် (ယခုနအဖ၀န်ကြီးချုပ်) က မြန်မာ့တပ်မတော်တွင် တပ်ရင်းပေါင်း (၅၅၀) ရှိသည့် အနက် (၂၈၄) ရင်းမှာ တရင်းလျှင် လူအင်အား (၂၀၀) ပင်မပြည့်ကြောင်း၊ ကျန်သည့်တပ်ရင်း (၂၂၀) တွင်လည်း (၂၀၀) နှင့် (၃၀၀) ကြားသာရှိကြောင်း တင်ပြခဲ့ဖူးသည်ဟု သိရ၏။ သို့သော် တပ်ရင်းတိုင်း၌ အမှန်တကယ် အင်အား (၁၅၆) ယောက် ထက်မပိုကြောင်း၊ ထိုအထဲမှ တပ်ရင်းတရင်း၏ တိုက်ခိုက်ရေးအင်အားမှာ (၁၂၀ - ၁၅၀) ခန့် ရှိပြီး ရှေ့တန်းသွားနိုင်သည့်အင်အားမှာ (၆၀-၈၀) ခန့်သာရှိကြောင်း အခြေအနေမှန်အတိုင်း တင်ပြခဲ့ဖူးသည် ဆို၏။

ထိုတင်ပြချက်အရဆိုလျှင် စစ်သည်အင်အား (၅) သိန်းနီးပါးရှိသည်ဆိုသည့် နအဖတပ်ရင်းများမှ စုစုပေါင်း ရှေ့တန်းထွက်နိုင်သည့် အင်အားမှာ (၅၀၀၀၀) ၀န်းကျင်ခန့်သာ ရှိသည်ကို တွေ့ရပေသည်။ ထို့အပြင် နအဖ စစ်တပ်ထဲသို့ ၀င်ရောက်သည့် တပ်သားအများစုမှာလည်း ယုံကြည်ချက်စိတ်ဓာတ်အရင်းခံနှင့် ၀င်ရောက်ကြ ခြင်းမဟုတ်ဘဲ အတင်းအကျပ် တပ်သားစုဆောင်းခံရမှုနှင့် ၀မ်းရေးအဆင်မပြေဖြစ်၍ ၀င်ကြရသော တပ်သား များနှင့် ကလေးစစ်သားများက အများစုဖြစ်နေသည့်အတွက် စိတ်ဓာတ်ရေးရာ ပျက်ပြားနေသည့် စစ်တပ်အ နေအထားဖြစ်နေသည်ကို တွေ့ရပေသည်။ သို့သော် လက်နက်အင်အားတွင်မူ နအဖစစ်တပ်က တိုင်းရင်းသား အပစ်ရပ်တပ်ဖွဲ့များ အားလုံးထက် သာလွန်သည့်အတွက် လက်နက်အင်အားကို အသုံးပြု၍ တိုက်ခိုက်မည်ကို တော့ သံသယရှိစရာလိုမည်မဟုတ်ပေ။

အပစ်ရပ်တပ်ဖွဲ့ တဖွဲ့ချင်းအနေနှင့် အမှန်တကယ် ရှေ့တန်းထွက်နိုင်သည့် စစ်သည်အင်အားတွင် နအဖစစ် တပ်မှ ရှေ့တန်းထွက်နိုင်သည့် စုစုပေါင်းအင်အား (၅၀၀၀၀) ၀န်းကျင်ထက်မပိုနိုင်သော်လည်း နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းရန် လက်မခံသေးသည့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA-N)၊ ဝပြည် သွေးစည်းညီ ညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA – ESS) မိုင်းလား အဖွဲ့၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) အပစ်ရပ်အဖွဲ့များအားလုံးစု ပေါင်းလျှင်မူ တိုက်ခိုက်ရေးအင်အားမှာ နအဖနှင့် သူမသာကိုယ်မသာ အနေအထားတွင် ရှိနိုင်သည်ကို ကိန်းဂ ဏန်းများအရ သိရပေသည်။ ထိုအခြေအနေတွင် အပစ်ရပ်တပ်ဖွဲ့များ၏ စိတ်ဓာတ်ရေးရာ ခိုင်ကြည်မှုအနေအ ထားက နအဖတပ်သားများထက် များစွာသာလွန်လိမ့်မည်ဟု ယူဆရပေသည်။

ထို့ကြောင့် စိတ်ဓာတ်ရေးရာပျက်ပြားပြီး လက်နက်အင်အားသာလွန်သည့် နအဖစစ်တပ်၏ ဗိုလ်ကျတိုက်ခိုက် မှုကို စိတ်ဓာတ်ရေးရာ သာလွန်သည့် အပစ်ရပ်တပ်ဖွဲ့များက အစွမ်းကုန် စုပေါင်းတွန်းလှန်ခြင်းဖြင့် အောင်ပွဲရ ယူနိုင်သည့် အနေအထားရှိသည်ကိုတွေ့ရပေသည်။ ခုခံတွန်းလှန်မည့် နည်းဗျူဟာကောင်းမွန်ရန်နှင့် ညီညွတ် မှုအင်အားက များစွာအရေးပါနေပေသည်။ ထို့အပြင် အပစ်မရပ်သေးသည့် ကေအန်ယူနှင့် SSA-S ကဲ့သို့ သော တပ်ဖွဲ့များနှင့်လည်း မဟာမိတ်ဖွဲ့ ချိတ်ဆက်တိုက်ပွဲဝင်ရန် လိုအပ်မည်ဖြစ်ပေသည်။

ထိုသို့မဟုတ်ဘဲ အန်ဒီအေကေ၊ ဒီကေဘီအေတို့ကဲ့သို့ လည်စင်းခံလျှင် ရာသက်ပန် နအဖစစ်ကျွန်အဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သလို စုပေါင်းတွန်းလှန်ခြင်းမရှိဘဲ တဖွဲ့ချင်းခုခံတိုက်ခိုက်နေပါက ကိုးကန့်တပ်ဖွဲ့ကဲ့သို့ နအဖစစ်တပ်၏ အလွယ်တကူ ၀ါမျိုးခြင်းကို ခံရပြီး တဖွဲ့ပြီးတဖွဲ့ အလွယ်တကူ ခြေမှုန်းခံရသွားရနိုင်သည်ကို သတိချပ်ရမည်ဖြစ်ပေသည်။ ထိုသို့ ရှေ့တိုးတံပိုး နောက်ဆုတ်လှည်းတုတ် ဖြစ်နေသည့်အနေအထားတွင် လည်စင်းခံခြင်းထက် စုပေါင်းတွန်းလှန်ခြင်းကသာ ရာသက်ပန်စစ်ကျွန်အပြုခံရမည့် အန္တရာယ်မှလွတ်မြောက် နိုင်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအ တွက်လည်း တဘက်တလမ်းမှ အထောက်အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။

မျိုးဇာနည်

မအားလို့ ခရီးလွန်နေလို့ ပို့စ်များများ မတင်ဖြစ်တာကို ခွင့်လွှတ်ကြပါခင်ဗျား
ဒီနေ့မင်းလုပ်ရပ်သည် နောက်တနေ့ မင်းရဲ့အနာဂါတ်ဖြစ်သည် -စာအုပ်စာပေသည် လူသားအားလုံး၏ မိတ်ဆွေဖြစ်သည်၊ အလှတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ရမည်၊