ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား အလွန်နည်းနေသဖြင့် ဟိုတယ်နှင့် အထပ်မြင့်အဆောက်အဦတို့၏ ဓာတ်လှေကားများ မမောင်းနိုင်တော့သည့် အခြေအနေရောက်နေပြီး ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်အပါအဝင် လုပ်ငန်းပေါင်းစုံ အခက်အခဲ တွေ့နေကြကြောင်း စုံစမ်းသိရသည်။
ရန်ကုန်တွင် သြဂုတ်လဆန်းပိုင်း လျှပ်စစ်မီး ပုံမှန်ပေးချိန်မှစပြီး မီးအားအလွန်နည်းနေသောကြောင့် မီးစက်အားကိုး လုပ်ဆောင်နေကြရကြောင်း နိုင်ငံခြားသားအများဆုံး လာရောက်တည်းခိုလေ့ရှိသည့် ရန်ကုန်တိုင်း ဒဂုံမြို့နယ် ဂရင်းမီးရထားဟိုတယ်မှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “ခုလပိုင်း လျှပ်စစ်ဗို့အားတွေ အရမ်းကျနေတော့ နေ့ဘက်ဆို ဓာတ်လှေကားတွေ မမောင်းနိုင်ဘူး။ မောင်းရင် ဓာတ်လှေကားတွေ ပျက်နိုင်သလို အန္တရာယ်လည်း ကြီးတယ်။ ကျနော်တို့ ဟိုတယ်မှာ ဓာတ်လှေကား နှစ်စင်းရှိတယ်။ ဒီတော့ နေ့ဘက်ဆိုရင် တစင်းကို နားထားပြီး ကျန်တစင်းကိုတော့ မီးစက်နဲ့ မောင်းတယ်။ ဒါတင်မက မီးအားအရမ်းကျတော့ ဟိုတယ်က အဲကွန်းစနစ်တွေကလည်း သိပ်အလုပ်မလုပ်တော့ သိပ်ပြီးမအေးဘူး။ နိုင်ငံခြားသားတွေက ကွန်ပလိမ်းတက်ကြတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ မီးအားအရမ်းကျတယ်လို့ သူတို့ကို ရှင်းပြတယ်။ ဒါပေမယ့် သူတို့နိုင်ငံတွေမှာ ဒါမျိုးမဖြစ်ဖူးတော့ သူတို့နားမလည်ကြဘူး” ဟု ပြောသည်။
အလားတူ အထပ်မြင့် ကွန်ဒိုမီနီယံ တိုက်ခန်းများ၊ ဟိုတယ်များ၌လည်း ဓာတ်လှေကားအတွက် မီးစက်ကြီးများ မောင်းနေကြရသည့်အပြင် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင်လည်း လျှပ်စစ်ဗို့အား အပြည့်အဝမရရှိခြင်းကြောင့် နွေရာသီကာလများကဲ့သို့ မီးစက်ကြီးများမောင်းပြီး အလုပ်လုပ်ရကြောင်း သိရသည်။
ထို့ကြောင့် စက်ရုံများ လုပ်ငန်းလည်ပတ်ရာတွင် အဆင်ပြေစေရန် ဆောင်းရာသီနှင့် နွေရာသီတွင် တရက်ကို (၅) နာရီ အလှည့်ကျစနစ်ဖြင့် မီးပေးနေကြောင်း လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြည်တွင်းသတင်းဂျာနယ်များကို ပြောကြားခဲ့သည်။
စက်မှုဇုန်စက်ရုံများတွင် စက်လည်ပတ်မှုအချိန် တနေ့ (၁ဝ) နာရီရှိသည့်အနက် (၅) နာရီသာ အစိုးရ လျှပ်စစ်ဓာတ်အားပေး ဌာနမှ မီးရရှိပြီး ကျန် (၅) နာရီကို မီးစက်များမောင်းပြီး ဖြေရှင်းနေရသည့်အတွက် ဒီဇယ်ဆီဖိုးငွေ အကုန်အကျများကြောင်း လုပ်ငန်းရှင်များက ပြောသည်။
“လျှပ်စစ်မီးအတွက် အစိုးရဆီက မီးလာရင် တယူနစ် ကျပ် (၅ဝ) သာ ကျပေမယ့် ကိုယ့်ဘာသာကိုယ် ဒီဇယ်မီးစက်တွေနဲ့ လည်မယ်ဆိုရင် တယူနစ် ကျပ် (၄ဝဝ) လောက်ကျမှာဖြစ်လို့ ကုန်ကျစရိတ်ကြီးပြီး ကုန်ပစ္စည်းထုတ်လုပ်မှုစရိတ်တွေ မြင့်နေတာဖြစ်တယ်” ဟု လုပ်ငန်းရှင်များက ပြောသည်။
ယခုကဲ့သို့ လျှပ်စစ်မီးအား အပြည့်အဝမရသည့်အတွက် ပြည်သူများသည် နေ့အချိန်တွင် အဲကွန်း၊ ရေခဲသေတ္တာ၊ ကွန်ပျူတာ စသည်တို့ကို အသုံးပြုနိုင်ခြင်းမရှိသည့်အပြင် ရေတွန်းစက်များလည်း အလုပ်မလုပ်သည့်အတွက် ရန်ကုန်မြို့၌ နေ့ဘက်တွင် ရေစုပ်မရဖြစ်နေကြောင်း သိရသည်။
နအဖစစ်အစိုးရ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ တာဝန်ရှိသူများကမူ ယခုကဲ့သို့ မီးအားမပြည့် ဖြစ်နေရခြင်းနှင့် ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ မလည်နိုင်ဖြစ်ရခြင်းမှာ သဘာဝဓာတ်ငွေ့ လုံလောက်အောင် ပို့မပေး၍ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ပြည်သူများနှင့် စက်ရုံအလုပ်ရုံများ လည်ပတ်ရန် သဘာဝဓာတ်ငွေ့မပေးနိုင်သည့် စစ်အစိုးရသည် ထိုင်းသို့ သဘာဝဓာတ်ငွေ့တင်ပို့ရာမှ နှစ်စဉ် ဒေါ်လာ (၂) ဘီလီယံဝန်းကျင်ရရှိနေကြောင်း အစိုးရထုတ် စာရင်းဇယားများတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ခေတ်ပြိုင်
ရောင်နီတွေနဲ့ ဒို့အတူ
2 months ago