
အမေရိကန်ပြည်ထောင်စု ဘရောင်းတက္ကသိုလ်က စီးပွားရေးပညာရှင် သုံးဦးက ကမ္ဘာတလွှား ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ပြည်တွင်း ထုတ်ကုန်တန်ဖိုး ဖွံ့ဖြိုးတိုးတက်မှုနှုန်း GDP ကို လျှပ်စစ်မီး အသုံးပြုနိုင်မှုနဲ့ နှိုင်းယှဉ်တိုင်းတာရာမှာ မြန်မာအာဏာပိုင်တွေရဲ့ တရားဝင် ဖွံ့ဖြိုးတိုးတက်နှုန်းထက် ထက်ဝက်ကျော် လျော့နည်းနေတယ်လို့ သိရပါတယ်။
အမေရိကန်လေတပ် အာကာသစခန်းက ဂြိုလ်တုက ပေးပို့တဲ့ ညပိုင်းဓာတ်ပုံတွေနဲ့ ဒေသအလိုက် ၁၀ နှစ်ကျော်ကြာ ကာလကို လေ့လာခဲ့ရာမှာ တရားဝင် သတ်မှတ်ထားတာနဲ့ မကိုက်ညီဘဲ နိမ့်ကျနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
မြန်မာစစ်အစိုးရ သတ်မှတ်တဲ့ ပြည်တွင်းထုတ်ကုန် GDP တန်ဖိုးဟာ နှစ်စဉ် ၈ဒဿမ ၆ရာခိုနှုန်းရှိပေမဲ့ သူတို့ရဲ့လေ့လာချက်အရ လျှပ်စစ်မီး ထွန်းညှိနိုင်မှုနဲ့ ဆက်စစ်တွက်ချက်ရင် ၃ ဒဿမ ၄ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကွန်ဂိုနိုင်ငံဆိုရင် တရားဝင် ဖွံ့ဖြိုးတိုက်တက်နှုန်း ၂ ဒဿမ ၆ ရှိပြီး လျှပ်စစ်မီး ထွန်းညှိနိုင်မှုနဲ့ ၀င်ငွေ၊ ကုန်ဈေးနှုန်းအရ တိုင်းတာချက်မှာ ၂ဒဿမ ၄ သာရှိပါတယ်။
ဘရောင်းတက္ကသိုလ်က စီးပွားရေးပညာရှင် ၃ ဦးဖြစ်တဲ့ J Vernon Jenderson၊ Adan Storeygard နဲ့ David Weil တို့က အမျိုးသားစီးပွားရေး သုတေသနဌာနအတွက် ပြုစုတဲ့ အစီရင်ခံစာဟာ စိတ်ချရတဲ့ အချက်အလက် အတိအကျရဖို့ မလွယ်ကူတဲ့ တတိယကမ္ဘာ နိုင်ငံတွေရဲ့ ပြည်တွင်းထုတ်ကုန်တန်းဖိုး GDP တိုင်းတာရာမှာ ခက်ခဲလှတဲ့အတွက် ဂြိုလ်တုဓာတ်ပုံတွေက ညွန်ပြနေတဲ့ ညပိုင်း လျှပ်စစ်မီး ပေးနိုင်မှု တိုင်းတာချက်နဲ့ ဆက်စပ် အထောက်အကူ ပြုနိုင်ဖို့ လေ့လာခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပညာရှင် သုံးဦးရဲ့ အဓိက ဖွံ့ဖြိုးမှု တိုင်းတာချက်ဟာ ၀င်ငွေနဲ့ ကုန်ဈေးနှုန်းပမဏ တိုင်းတာတဲ့ Penn World Tables က အချက်အလက်တွေနဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလ ညဖက် မီးထွန်းနိုင်မှုတွေကို နှိုင်းယှဉ်သတ်မှတ်တာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒီတွေ့ရှိချက်တွေကို တရားဝင်စံနှုန်းတွေအစား အသုံးပြုဖို့ မရည်ရွယ်ပေမယ့် ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတွေအနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အမှန်တကယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဘယ်လောက်ရှိတယ်ဆိုတာကို လေ့လာတဲ့နေရာမှာ အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း ပါမောက္ခ Henderson က ပြောပါတယ်။
RFA
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
2 months ago

